နိုင်ငံတော်ပိုင် မီဒီယာက တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေး စခန်းသို့ နေရပ်စွန့်ခွာ မိသားစုဝင်ငါးဦး ပြန်လည် ဝင်ရောက်ခဲ့သည်ဟု မြန်မာပြည်သူအားလုံးကို လိမ်လည်လှည်စားလိုသည့် ဆန္ဒုဖြင့် ဧပြီ ၁၄ နေ့ တွင် ဝါဒဖြန့် ထုတ်ဖော်ရေးသားခဲ့သည်။ ပြန်လည်ရောက်လာဟန်ဆောင်သည့် အဲခ်တာရ်အာလွမ်သည် တောင်ပြိုလက်ဝဲ၏ ကျေးရွှာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ဒုက္ခသည်အဖြစ် ထွက်ပြေးရန် နှင့် ပြန်လည်ဝင်ရောက်ရန် တောင်းဆိုသည့်အတွက် နေရပ်စွန့်ခွာသူ ဖြစ်လာ၏။

မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အတိုင်း ပြန်လည်ရောက်ရှိခြင်းဖြစ်သည်ဟု အဲခ်တာရ် ၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ အဲခ်တာရ် အပါအဝင် တခြားမိသားစုပေါင်း ၂၀ ကို ထိုသို့ ဒုက္ခသည်ဟန်ဆောင်ပြီး တဘက်နိုင်ငံသို့ ထွက်ပြေးပြီး ပြန်ဝင်လာရန် နိုင်ငံတော်က စနစ်တကျ plan ချ လုပ်ဆောင်နေသည်ဟု အဆိုပါ အမည်မဖော်လိုသူ အဲခ်တာရ် ၏ ဆွေမျိုးက ထုတ်ဖော်ပြောဆိုခဲ့သည်။

“ဒီကိုပြန်လာရင် အကျဉ်းစခန်းထဲနေရတယ်။ အလုပ်လုပ်ခွင့်မရှိ။ ကျောင်းတက်ခွင့်မရှိ။ ဘင်္ဂလီလို့ အခေါ်ခံရတယ်။ ရဲနဲ့ နယ်ခြားစောင့်တွေရဲ့ နှိပ်စက်မှုကို ခံရတယ်။ ဒီတော့ ဒုက္ခသည်တွေ ဘယ်ပြန်ချင်မလဲ။ အစိုးရက ပြန်မလာမှန်းသိတော့ နည်းမျိုးစုံသုံးပြီး ပြန်ခေါ်ဖို့လုပ်နေတယ်။ အစိုးရလော်ဘီတွေလွှတ်ပြီး ဒုက္ခသည်တွေပြန်လာအောင် motivate လုပ်နေတယ်။

ဒါက ပြသနာကို ပြေလည်စေမှာမဟုတ်ဘူး။ လူမျိုးတုံးသတ်ဖြတ်ရေးပေါ်လစီသုံးပြီး ကျနော်တို့ကို ခိုးဝင်ဘင်္ဂလီလို့ နိုင်ငံတော်ပိုင်မီဒီယာတွေမှာ ဖော်ပြနေသရွေ့ ဒီပြသနာကို ဖြေရှင်းနိုင်လိမ့်မယ်မဟုတ်” ဟု သူက ဆက်ပြောခဲ့သည်။

မာင်တောမြို့အမှတ် ၅ ရပ်ကွက်မှ ဦးဂနီမျာကလည်း ” ဒုက္ခသည်တွေ မိုးမကျခင်ပြန်လာချင်ကြတယ်။ ဒါပေမဲ့ အစိုးရရဲ့ ပေါ်လစီက ပြန်ဝင်လာသူအားလုံးကို NV (National Verification) ကတ်ပြားများထုတ်ပေးပြီး လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လက်အကောင်အထည်ဖော်ချင်တယ်။

ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးက “ငါတို့မိသားစုဝင်တွေပါလို့ ” ပြောခဲ့ပေမဲ့ဒီရောက်လာရင်တော့ မိသားစုဝင်မဟုတ်လို့ NV (National Verification) ကတ်ကိုင်ရမယ်တဲ့။ ဒီတော့ ဘယ်သူက ပြန်လာချင်မလဲ။” ဟု ထုတ်ဖော်ပြောခဲ့သည်။

အသက်လုထွက်ပြေးခဲ့သူ ခြောက်သိန်းကျော်ကို ပြန်လည်မခေါ်မီ ရခိုင်ပြည်နယ်၏ မြို့နယ်အသီးသီးတွင်ရှိသော IDP အကျဉ်းစခန်းများမှ ဒုက္ခသည်များကို သူတို့၏ မူလနေရာများ၌ အခြေချခွင့်ပေးရမည်။ လုံခြုံရေး နိုင်ငံသားဖြစ်ရေး အာမခံချက်များပေးရလိမ့်မည်။ သို့မှသာ အသက်လုထွက်ပြေးခဲ့ရသူများ ပြန်လည်ဝင်ရောက်လိုကြမည်။

ဘူးသီးတောင်ဒေသခံတစ်ဦး ဖြစ်သူ အဇီဇူကလည်း “ဒီမှာ လုံခြုံမှုလုံးဝမရှိဘူး။ အပြင်မထွက်လဲ ဝမ်းစာဘယ်လိုရှာမလဲ။ အပြင်ထွက် အလုပ်လုပ်သူတွေ နေ့တိုင်းလိုလို အသတ်ခံရနေတယ်။ အသက်လုထွက်ပြေးသွားသူတွေ ပြန်လာ မလာမပြောတတ်ဘူး။ ဒီကလူတွေရဲ့ပါးစပ်မှာတော့ ဒီမှာကြာကြာနေရင် အသတ်ခံရမယ် ဒါမှမဟုတ် ငတ်သေလိမ့်မယ်။ အဲဒီတော့ အသက်လုထွက်ပြေးရုံပဲပေါ့” ဟု အဖြစ်မှန်ကို ရှင်းပြခဲ့သည်။

ပြန်လည်ရောက်ရှိသည်ဟု ပြည်သူကို လှည့်စားနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးက စေလွှတ်လိုက်သည့် တောင်ပြိုလက်ဝဲကျေးရွာအုပ်ချုပ်ရေးမှူးမှာ မော်လဝီ ရရှီဒ် ၏ သား အဲခ်တာရ် (၄၈နှစ်) ဖြစ်ပြီး သူ့ကို နိုင်ငံတော်ပိုင် မီဒီယာတွင် အဲခ်တာအာလွမ်လို့ ရေးထားသည်။

မြန်မာစစ်တပ် ၂၀၁၇ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးတွင် အသက်လု ထွက်ပြေးခဲ့ရသူအားလုံး၏ အိုးအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သော်လည်း အဲခ်တာရ်၏ အိမ်ကိုမူ စစ်တပ်က အကာအကွယ်ပေး စောင့်ရှောက်ခဲ့သည်။ ယနေ့တိုင် ၂၀၁၇ စစ်ဆင်ရေးမတိုင်မီအတိုင်း တည်ရှိနေသည်။

 

Comments are closed.

Check Also

ရိုဟင်ဂျာတို့၏ မူဝါဒသဘောထား

ရိုဟင်ဂျာတွေရဲ့ မူဝါဒ သဘောထားမှာ “မေတ္တာ၊ မျှော်လင့်ချက်နဲ့ ကြောက်စိတ်” ပဲဖြစ်တယ်။ ရိုဟင်ဂျ…