အနဲနှင့်အများတော့ လူတိုင်း ကျားကစားသည်ကို ကြားဖူးနားo ရှိကြမည်။ ကျားကစားလျှင် အရင်ဆုံး တစ်ဖက် လူ၏ ခံစည်းစစ် ပေါက်အောင်ဆော့မည်။ နောက်တန်းစည်းပေါက်လျှင် ကင်း (ဘုရင်) တက်ယူမည်။ ပြီးတော့မှ တစ်ဖက်လူအား လှုပ်မရအောင်ချုပ်၍ အနိုင်ယူမည်။ နောက်ဆုံးတွင် တစ်ဖက်လူ၏ ဘုရင်အား နည်းဗျူဟာဖြင့် ပိုင်ပိုင်နိုင်နိုင်ချူပ်ကာ အရင်ဆုံး ကျားကုန်သောသူက အရှုံးပေးရသူ ဖြစ်သည်။ ဤကား အလွယ် ပြောခြင်းဖြစ်သည်။ ကျားကုန်ကစားလျှင်ကား ထိုသို့မဟုတ်- မိမိ ခံစစ်စည်းကို မိမိဖာသာ ပေါက်အောင် ဆော့ရသည်။ တစ်ဖက်သားကို ဘုရင် တက်ဖြစ်အောင် မိမိနည်းဗျူဟာဖြင့် မြူဆွယ်ရသည်။ မိမိတွင် ရှိသမျှ တပ်သားမကျန် ထိုးကျွေးပြီး နောက်ဆုံးတွင် ဘုရင်အားထိုးကျွေးကာ အရင်ဆုံးကျားကုန်သောသူက အနိုင်ရသူဖြစ်သည်။ သို့ဖြစ်လာသည်ကို မြင်ရသည်။

၂၀၁၈-ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်သည် နိုင်ငံတော်သမ္မတ ရာထူးမှ နှုတ်ထွက်သွားသည်ဟု နိုင်ငံတော်သမ္မတရုံးမှ ရုတ်တရက်ကြေညာလိုက်သည်။ စင်ကာပူတွင် ဆေးသွားကုပြီးနောက် ထွက်မည်ဟု ကောလဟာလများ ပျံနှံခဲ့သော်လည်း ယခုမှ အများပြည်သူ မထင်မှတ်ထားချိန်တွင် ရုတ်တရက် နှုတ်ထွက်သွား၍ အများပြည်သူနှင့် နိုင်ငံတကာ အံ့အားသင့်ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ ရောက်နေသည်။

ASEAN-Australia Special Summit ကို သွားတက်နေချိန်နှင့် တိုက်ဆိုင်နေသည်။ ဒေါ်စုပင် မထင်မှတ်ထားပုံရသည်။ ယင်း ကြေညာချက်ထွက်လာအပြီး ည ၇နာရီခွဲမှ နေပြည်တော်သို့ ဒေါ်စုကိုယ်တိုင် ကတိုက်ကရိုက် ရောက်ချလာသည်။ မျက်နှာလည်း မကောင်းလှ- တကယ်ဆို သေခြာ စီစဉ်ပြီးမှ အနားယူမည့်ကိစ္စဆိုပါက ဒေါ်စု၏ လူယုံ ဦးထင်ကျော်က ဒေါ်စုပြန်လာပြီးမှ နှုတ်ထွက်ကြောင်း အေးဆေးကြေညာလို့ရသည်။ မြန်မာ့အရေး နိုင်ငံတကာကျွမ်းကျင်သူများအတွက် သို့လောသို့လောကို ဖြစ်စေသည်။

သမ္မတအ​နေနှင့် ရာထူးကနှုတ်​ထွက်​ရာတွင် ဘယ်​သူ့ဆီကို နှုတ်​ထွက်​စာတင်​ရမလဲ.. ဘယ်​သူကနှုတ်​ထွက်​ခွင့်​ပြုမလဲ စတာ​တွေကို ရှင်းရှင်းလင်းလင်း ပြဌာန်းမထားခြင်းသည် အ​ခြေခံဥပ​ဒေ ၂၀၀၈ ၏ အားနည်းချက်​ ဖြစ်​ပါသည်။ အံ့သြစရာ​ကောင်းသည်ကား သမတနှုတ်​ထွက်​သည့်အ​ကြောင်း ​ရေးထားသည့်စာတွင် ​အောက်​မှာ ဘယ်​သူမှ လက်​မှတ်​ထိုးထားတာ မပါ။ ဒါ​ကြောင့် နှုတ်​ထွက်​စာ အတုများလားဆိုပြီး လူတိုင်း ဖတ်​ရင်း သံသယရှိမိကြသည်။ ငှက်စုတ်တွေကတော့ သမ္မတကြီးမှာ အသဲကင်ဆာ ဖြစ်နေတာကြာပြီဖြစ်ကြောင်း၊ ယင်းဝေဒနာ ပြင်းထန်စွာ ခံစားရချိန်တွင် နိုင်ငံတာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်နိုင်၍ အနားယူခြင်းသာ ဖြစ်ကြောင်း ဖာကြထေးကြသည်။

သို့သော် သမ္မတကြီးကတော် ဒေါ်စုစုလွင်က ဒီဗွီဘီသတင်းဌာနနှင့် မတ်လ-၂၃ ရက်နေ့တွေ့ဆုံမေးမြန်းခန်းတွင်- “ကျန်းမာရေးအတွက် မစိုးရိမ်ပါနဲ့တော့ ပြောချင်ပါတယ်။ အခုထွက်တဲ့ကိစ္စက အနားယူတဲ့ကိစ္စက ကျန်းမာရေး ကြောင့်မဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်များများက လွန်ခဲ့တဲ့ ၆လကျော် လောက်က ဖြစ်မယ် ထင်တယ်။ သူခွဲစိတ် ကုသမှုခံယူထားတာရှိပါတယ်။ ရှိတဲ့အတွက် သူ့ကျန်းမာရေး အားနည်းခဲ့ပါတယ်။ နောက်ပြီးတော့သူ စားသင့်စားထိုက်၊ နေသင့်နေထိုက်တဲ့ပုံစံကိုတော့ အန်တီစကားနားမထောင်တာကတော့ အမှန်ပဲ။ ပူတာအိုခရီးကပြန်လာတဲ့အခါကျတော့ E. coli ပိုး (ဝမ်းပျက်ဝမ်းလျောပိုး) သူ ဖြစ်ပါတယ်။ ဖြစ်တဲ့အခါကျတော့ တော်တော်လေး ၀မ်းတွေပျက် နေမကောင်းဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်လကျော်လောက်ကလား။ ဘယ်လောက်ကလည်းမသိဘူး။ စင်ကာပူသွားပြီး ဆေးစစ်တယ်။ အားလုံးကောင်းပါတယ်။” ကျန်းမာရေးကြောင့် မဟုတ်ကြောင်း၊ တစ်ခြားအကြောင်း ရှိနေလို့ ရုတ်တရက် နှုတ်ထွက်သွားတာ ဖြစ်ကြောင်း ပိုမိုပေါ်လွင်သွားခဲ့သည်။

အမည်မဖော်လိုသော မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ အမေရိကန်နိုင်ငံသားတစ်ယောက်က ကျွန်ုပ်အား ပြောပြရာတွင် သမ္မတ ဦးထင်ကျော် အဓိကနှုတ်ထွက်သွားသော အကြောင်းရင်းမှာ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နဖားကြိုးထိုးခံရသော ရုပ်သေးသဖွယ်သာ သူ့ကို စစ်တပ်နှင့် ပြည်ထဲရေးက မြင်ကြကြောင်း၊ သူ့စကားပြောလျှင် နားမထောင် မထီလေးစားပြု ပျက်ရယ်ပြုကြကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ရေးအတွက် အစိုးရနှင့် စစ်တပ်ကို အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း ဂရုမစိုက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာတို့အပေါ် မြန်မာစစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်က လူ့အခွင့်ရေး ချိုးဖောက်မှုသတင်းများ ပေါ်ထွက်လာချိန်တွင် သမ္မတကြီးမှာ စိုးရိမ် သောက ရောက်ရကြောင်း သူ စင်ကာပူတွင် ဆေးစစ်ရန် သွားချိန်အတွင်း ရိုက်တာ သတင်းထောက်နှစ်ယောက်ကိစ္စကို ဖမ်းဆီးရန် ဒု-သမ္မတ ဦးမြင့်ဆွေမှ သမ္မတကိုယ်စား လက်မှတ်ရေးထိုးပေးခဲ့ကြောင်း ကြားသိရသည်ကိုလည်း ၀မ်းနဲ ပက်လက် ဖြစ်မိကြောင်းကို သူနှင့်နီးစပ်သူများမှ တဆင့်ကြားသိရကြောင်း၊ သူအကြိမ်ကြိမ် ထွက်ချင်သည်ဟု ပြောခဲ့ကြောင်း။

NLD က အခြေခံဥပဒေကို ၃လ – ၆ လ အတွင်း ပြင်ဆင်လိမ့်မည်ဟု ယုံကြည်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနေရာ လွှဲပေးရလိမ့်နိုးနိုး ထင်မြင်ရင်း၊ သမ္မတဘဝကို ကြိုးစားဖြတ်သန်းခဲ့ရကြောင်း၊ အနီးကပ် နေရသည့် ဦးထင်ကျော်လို ပုဂ္ဂိုလ်တောင် NLD က အစိုးရ ဖြစ်လျှင် အမြန်ဆုံး ၃ လ၊ အကြာဆုံး ၆ လအတွင်း အခြေခံဥပဒေကို ပြင်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း၊ သို့သော် ယနေ့အခါတွင် ယင်းယုံကြည်ချက်တို့သည် ဝေဝါးပျောက်ကွယ်သွားကြောင်း ဦးထင်ကျော် သမ္မတရာထူးက နုတ်ထွက်ရခြင်းသည် ကျန်းမာရေးကြောင့်ဟု လိမ်လည်ဖုံးကွယ်ထားကြခြင်းသာ ဖြစ်ကြောင်း၊ ကျန်းမာရေး မကောင်းသည် မှန်သော်လည်း ထိုအချက်ကြောင့် မဟုတ်။

“အတွင်းသတင်းမှန်မှာ -အခြေခံဥပဒေ ပြင်ဆင်ရေး အချိန်ဆွဲထားသဖြင့် မပျော်မွေ့သော ရာထူးကို ဆက်လက် မထမ်းဆောင်လိုသည်က တစ်ကြောင်း၊ ဘာသာရေး လူမျိုးရေး ပဋိပက္ခများဖြစ်သည်ကို မကြိုက်သော သမ္မတကြီးမှာ မတ်လ ၂၀ ရက်နေ့ ညဆယ်နာရီတွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ၊ ဈေးတာလေးရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာအကြမ်းဖက် အယောက် ၃၀ ကျော်က မွတ်စလင်ဘာသာဝင်တို့၏ နေအိမ်များကို နာရီဝက်ကြာ ပစ်မှတ်ထားတိုက်ခိုက်ပြီးနောက် သမ္မတကြီးက ပြည်ထဲရေး ၀န်ကြီးကို တိုက်ရိုက် ဖုန်းဆက်ခဲ့ကြောင်း၊ တရားဥပဒေ စိုးမိုးရေးအတွက် ပြောဆိုဆွေးနွေးရန် ဖုန်းဆက်သော်လည်း သုံးကြိမ်မြောက်တွင်မှ ဖုန်းကိုင်ပြီး အမေစု ပြန်လာတော့မှ ဆွေးနွေးမည်ဟု ပြောဆိုခဲ့၍ တစ်ကြောင်းကြောင့် ဒေါသပုန်ထပြီး နောက်တစ်နေ့ ရုံးတက်ချိန် မနက် ရှစ်နာရီခွဲအချိန်တွင် ထွက်စာတင်ကာ အလုပ်မှ ရုတ်တရက် နှုတ်ထွက်သည်ဟု ကြေညာသွားခဲ့ခြင်းသာ ဖြစ်ကြောင်း” ကျွန်ုပ်အား ပြောပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ထိုသတင်းကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့ရပြီး NLD မှ အပြီးနှုတ်ထွက်စာတင်သွားသော ဦးဝင်းထိန်အား မရအရ ပြန်လည်ခေါ်ယူခဲ့သည်။ ရင်ကြားစေ့ရေးနှင့် စစ်တပ်နှင့်အဆင်ပြေချောမွေ့ရေးအတွက် ကြားခံ မဟာဗျူဟာကို ရေးဆွဲပေးရသော သူရဦးရွှေမန်း၏ မဟာဗျူဟာအတိုင်း ဒေါ်စုမှာ နာခံသူဖြစ်ရကား- စစ်တပ်နှင့် ပြည်သူ့ လွှတ်တော်တွင် မပြေလည်၊ အမြဲထိပ်တိုက်တိုးနေသော ဒေါ်စုအနီးကပ်လူယုံ ဦးဝင်းမြင့်အား ချောင်ထိုးရန် သမ္မတ နေရာအတွက် လျာထားလိုက်တော့သည်။

တစ်ဖန် NLD မှ ထိန်းချုပ်ထားသော ပြည်သူ့လွှတ်တော် ဥက္ကဌ ရာထူးနေရာအား အထူးကော်မရှင်ကြီး ဦးရွှေမန်းလုပ်ပိုင်ခွင့်ပိုရဖို့ အပြန်လှန်အပေးယူအနေဖြင့် လက်လွှတ်လိုက်ရသည်။ ယခင် ကြံခိုင်ရေးအမတ်ဟောင်း၊ သူရဦးရွှေမန်းလူယုံတော်၊ ဦးသန်းရွှေ တစ်ချိန်တုန်းက လေ့ကျင့် ပျိုးထောင်ပေးခဲ့သူ ကွတ်ခိုင်ကိုယ်စားလှယ် ဦးတီခွန်မြတ်ကို ယင်းနေရာပေးလိုက်ရသည်။ ဦးတင်ခွန်မြတ်မှာ လူကောင်းတော့ မဟုတ်။ ယခင် မုံးကိုး ပြည်သူ့စစ်ခေါင်းဆောင်၊ ဘိန်းဘုရင် နှင့် တာမိုးညဲ-နမ့်ဖက်ကာ ဒေသမှ အမည်မဲ့တရုတ်များကို ခေါ်သွင်းလာ၍ မဲပေးခိုင်းကာ မဲနိုင်ခဲ့သူဖြစ်သည်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကလည်း ပြိုင်ဖက်ပါတီများကို မဲရုံအတွင်း ၀င်ရောက်ကြည့်ရှုခွင့်မပေးခဲ့- လက်နက်နှင့် ခြိမ်းခြောက် အနိုင်ယူခဲ့သူဖြစ်သည်။

အခုခါတွင် ဒေါ်အောင်ဆန်းစုကြည်မှာ သူ့လူယုံ ဘုရင်ကြီးကိုလည်း ထိုးကျွေးကာ အဆုံးရှုံးခံလိုက်ရပြီ။ ကင်းတပ်ယူမည့် ကျားကိုလည်း ချောင်ကပ်ထားလိုက်ပြီ။ တစ်ဖက်ကျားအား ကင်းပေးလိုက်လေပြီ။ သို့ဖြစ်ပေရာ-ဒေါ်စု၏ နိုင်ငံရေးသည်ကား ကျားကုန်ကစားကွက်ဟုသာ ခေါ်ရချေမည် တမုံ။

 

Comments are closed.

Check Also

ခိုးဝင်ဘင်္ဂလီတွေကို လက်ခံကြိုဆိုစရာ မလို

ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ရန် မြန်မာစစ်ခေါင်းဆောင်များက ၁၉၉၀ မှစပြီး စနစ်တကျ လုပ်…