အန်တီ ရီရီဝင်း | မတ်လ ၁၆ ရက်၊ ၂၀၁၈

 

ချစ်လှစွာသော စုရေ …. ကျမတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ပြန်ပြောင်းပြောရမယ်ဆိုရင် အရင်တုန်းက အကြောင်းတွေကို ပြန်စပြောမှ ရမယ် ထင်တယ် နော် … သူဆီမှာ သမီးတစ်ယောက်မှ မထွန်းကားလို့ စုကို သမီးလေးတစ်ယောက်လို ချစ်ရှာတဲ့ အန်တီ ဒိုရာကြောင့် ဒိုတွေ စတင် သိကျွမ်းခွင့် ရခဲ့ကြတယ်နော် … Worcester မှာ ဇလီ ကျောင်းသွားတတ်တော့ အန်တီ ဒိုရာက ဇလီကို အိမ်ကို အလည်လာဖို့ ခေါ်တယ် …

ဒီလိုနဲ့ပဲ သူလည်း စုရဲ့အိမ်ကို မကြာခဏဆိုသလို ပုံမှန် လာလာလည်တဲ့ ဧည့်သည် တစ်ယောက် ဖြစ်လာတယ်လေ .. စုက သူ့ကို ကိုယ့်အိမ်ကိုယ့်ယာလို သဘောထား ဧည့်ခံခဲ့တာကြောင့် စုရဲ့ ဧည့်ဝတ်ကြေ ပြွန်မှုတွေကို သူတော်တော်လေး သဘောကျ နှစ်ခြိုက်ခဲ့တယ် .. စု အောက်စဖို့က ထွက်ခွာသွားပြီးနောက်မှာ .. ဇလီလည်း အန်တီ ဒိုရာ မဆုံးခင်အထိ အကြိမ် တော်တော် များများ သူ့ကို သွားကြည့်ခဲ့တယ် …

အောက်စဖို့မှာ ကျင်းပတဲ့ အဲဒီ အန်တီ ဒိုရာရဲ့ အသုဘ အခမ်းအနားမှာပဲ စုရဲ့ မိသားစုတွေ ဖြစ်တဲ့ အလက်ဇန္ဒရား .. ကမ်.. နဲ့အတူ the Free Burma group လွတ်လပ်တဲ့ ဗမာ အုပ်စုတွေနဲ့လည်း တွေ့ခွင့်ရခဲ့တယ်လေ … စုအနေနဲ့ ဇလီကိုသာမက ကျမတို့ မိသားစုပါ မိသားစုသဖွယ် နွေးထွေးစွာ ဆက်ဆံခဲ့တယ် …

အောက်စဖို့က စုအိမ်မှာ ခရစ်စမတ်ပါတီပွဲ ကျင်းပတုန်းက အဖြစ်ပျက်ကို ကျမ အခုထိ မှတ်မိနေတုန်းပဲ .. အဲဒီတုန်းက စု ယောက္ခမ မေမေ ပြင်ဆင်ပေးတဲ့ ရိုးရာပွဲ ခရစ်စမတ် သစ်သီးကိတ်မုန့်ကြီးကို စုက တည်ခင်း ဧည့်ခံပေးခဲ့တာလေ .. မိသားစုတွေ သိုင်းသိုင်း ၀ိုင်းဝိုင်းနဲ့ စုကို ကြည့်ရတာ ချစ်စရာလည်းကောင်းသလို အေးမြချိုမြိန်နေတာပါပဲ ..

ကိစ္စတော်တော်များများ ပြောနေရင်းနဲ့ မိုက်ကယ်က ကြားဖြတ်ပြီး … “အန်ကယ်၊ ကျနော်တို့တော့ ဦးနေ၀င်းကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ မပါဘူး” ..တဲ့ .. ကျမတို့လည်း ဘယ်တုန်းကမှ မိုက်ကယ်ကို ကျမတို့နဲ့အတူ ပူးပေါင်းဖို့ မဖိတ်ခေါ်ခဲ့ဖူး…ဒါပေမဲ့ ဗမာပြည်သူတွေ တော်တော်လေးကို ဒုက္ခပေးခဲ့တဲ့ အာဏာရှင် ဦးနေ၀င်းအစိုးရ ပြုတ်ကျသွားစေခဲ့တဲ့ အလွန်ရက်စက်တဲ့လုပ်ရပ်တွေကို ကျမတို့က တက်တက်ကြွကြွနဲ့ ဆန့်ကျင်တဲ့ အထဲမှာ ပါတာကိုတော့ သူရိပ်စားမိခဲ့တယ် ..

၈၈ မှာပဲ.. ရောဂါ ဝေဒနာ ခံစားနေရတဲ့ မိခင်ကြီးကို ပြုစုဖို့ နောက်ဆုံးတော့ စုဟာ အိမ်ကို ပြန်ရောက်လာခဲ့ပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေ ဖိနှိပ်နေတဲ့ စစ်အစိုးရကို တော်လှန်ဖို့ လမ်းပေါ်ထွက်လာတဲ့အခါ အဲဒီတုန်းက ကသောင်းကနင်းဖြစ်နေတဲ့ အထဲကို စုဝင်ပါလာအောင် တွန်းပို့ခဲ့ကြတယ်…

စစ်တပ်က စုကိုလည်း မိုက်ကယ်နဲ့ သားငယ်လေးတွေနဲ့ခွဲပြီး တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် ဆယ့်ငါးနှစ်ထက်မနဲ ထိမ်းသိမ်းထားခဲ့ကြတယ် နော်.. စုက “နိုင်ငံခြားသား” တစ်ယောက်နဲ့ လက်ထပ်ထားတာကြောင့် .. စုကို နိုင်ငံခြား သြဇာ လွှမ်းမိုးခံရတဲ့သူလို့ သူတို့ မကြာခဏဆိုသလို ထပ်ခါထပ်ခါ သွားပုပ်လေလွင့် ပြောခဲ့ကြတယ် .. တိုင်းတပါးကြောက် ရောဂါ ရနေရှာတဲ့ စစ်အစိုးရရဲ့ အောက်လုံးထိုးတဲ့ စကားလုံးတစ်ခုပါပဲ..

စုရဲ့ အစ်ကိုအရင်းတောင် စုကို ခပ်တန်းတန်း ဖြစ်လာခဲ့တယ်လေ.. နောက်တော့ စုကိုလည်း ဘယ်သူနဲ့မှ ဆက်သွယ်ခွင့်မပေးတော့ဘူး၊ မိုက်ကယ်နဲ့တောင်မှ စုကို ဆက်သွယ်ခွင့် ဖြေးဖြေးချင်း လျော့ချ လိုက်ကြတယ် .. မိုက်ကယ်ရဲ့ ဗီဇာကုန်သွားတာကြောင့် မိုက်ကယ် ရန်ကုန်ကနေ ထွက်သွားရတဲ့ တစ်ချိန် ကို ကျမ ရှင်းရှင်းကြီး မှတ်မိပါသေးတယ် ..

သူကိုယ်တိုင် ရပ်တည်ဖို့တောင်အနိုင်နိုင် သွားစရာလည်း မြေမရှိ .. စားစရာ လည်း ငွေမရှိ ဖြစ်ခဲ့တယ် နော် .. စုဆီပြန်ပြီး သူတွေ့ခွင့်မရခင်စပ်ကြား ခဏတဖြုတ်ပဲဖြစ်ဖြစ် ဘန်ကောက်မှာ သူ့အတွက် ဘေးကင်းလုံခြုံတဲ့ နေရာ တစ်နေရာကို ကျောချခွင့်ရဖို့ ကျမတို့ စီစဉ်ခဲ့ကြတယ် စုရေ .. စုရဲ့ ဘေးကင်းလုံခြုံရေး ကျန်းမာရေးအတွက် ကျမတို့က မိုက်ကယ်ကို စုံစမ်းဖို့ အမြဲတိုက်တွန်းခဲ့ကြတယ် …

ဒါ့အပြင် မျိုးနွှယ်စု လူမျိုး အသီးသီးကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုပေးဖို့ တောင်းဆိုမှုတွေကို ဒီမိုကရေစီ လှုပ်ရှားမှုများက ပိုပြီး အလေးပေးသင့်ကြောင်းကိုလည်း ကျမ မိုက်ကယ်ကို ထုတ်ဖော်ပြောဆိုခဲ့တယ် .. မိုက်ကယ်ရဲ့ အဖြေကတော့ .. “အဒေါ်၊ ခုနေခါမယ်၊ စစ်တပ်က စစ်တန်းလျားကိုသာ ပြန်သွားရမှာပဲ” လို့ ပြောခဲ့တယ် စု ..

အမေရိကန် ပြည်ထောင်စုနဲ့ ကမ္ဘာတစ်ဝှမ်းလုံးကပါ စုကို ပြန်လွှတ်ပေးရေးအတွက် စစ်အာဏာရှင် အစိုးရကို ဖိအားတွေ စုပြုံပေးခဲ့ကြတယ် .. အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ပထမဦးစားပေးအချက်ကလည်း စုကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးပဲ .. ဗမာသံရုံး၊ အိမ်ဖြူတော်နဲ့ မဲဆွယ်ပေးတဲ့ ကွန်ဂရက်ကိုယ်စားလှယ်တော်ရှေ့မှာ ဒေသခံ အမေရိကန် ထောင်ပေါင်းများစွာနဲ့အတူ ကျမတို့က လှုပ်ဆော်စည်းရုံးပွဲတွေ၊ ကန့်ကွက်ဆန္ဒပြပွဲတွေကို စီစဉ်ကျင်းပခဲ့ ကြတယ် ..

လွှတ်တော်အမတ် ဘီးလ်ရစ်ချတ်ဆင်ကို စုနဲ့တွေ့ဖို့ လိုက်လျောပေးခဲ့ရတယ် .. အမေရိကန် ပြည်ထောင်စု တလွှားမှာ ရှိကြတဲ့ ချာ့ခ်ျတွေထဲမှာ စု လွတ်မြောက်ရအောင် ဆုတောင်းပွဲတွေကို ကျမတို့က ကျင်းပခဲ့ကြတယ် … ချပ်မင်း ကောလိပ်တို့၊ ဘာခ်နဲလ် ယူနီဗာစီတီးတို့ နဲ့ အမေရိကန် ယူနီဗာစီတီးတို့ဆိုတာ စုဘက်က ရပ်တည်ကာကွယ်ပြီး စုအရေးကို ဂုဏ်ပြုဆောင်ရွက် ပေးခဲ့ကြတဲ့ အဖွဲ့စည်းတွေကြားက တစ်ခုအပါဝင်ပဲပေါ့ ..

ဒီလိုအချိန်မှာ ဒို့တွေဟာ မိုက်ကယ်နဲ့ အဆက်သွယ်မပြတ် ရှိခဲ့တယ်.. ၁၉၉၁ ခုနှစ်မှာ စု နိုဗလ်ဆုရသွားတော့ ဒိုတွေ မိုက်ကယ် နဲ့ အတူတက်ခဲ့တယ် .. ယိုအန် ပက်ခ်ျဘဲလ် Johann Pachelbel ရဲ့ “Canon in D”.  တေးသွားကို တီးခတ်တဲ့အခါ ကျမ မျက်ရည်များတောင် ကျလာရတယ် .. ဒီတေးသွားကို စု တီးခတ်လေ့ရှိတယ်ဆိုပြီး မိုက်ကယ် ပြောစကားအရ သိရတယ် ..

အလက်ဇန္ဒားက ဆုလက်ခံရေးမိန့်ခွန်းကို ပြောကြားစဉ်မှာတော့ စင်မြင့်ထက်မှာ သူဟာ  ခန့်ခန့်ငြားငြားနဲ့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရပ်နေယင်းပေါ့ .. “ဒီကနေ့” သူ့ပြောပါတယ်… “မြန်မာပြည်သူတွေဟာ ဂုဏ်ယူ ၀င့်ကြွားနိုင်နေပြီး …” ဒီမိန့်ခွန်းကို အလက်ဇန္ဒား ကိုယ်တိုင်ရေးကြောင်း မိုက်ကယ်က ဂုဏ်ယူပြီး ပြောတယ်လေ .. အဲဒီတုန်းက သူ့အသက်က ဆယ့်ခြောက်နှစ်သာသာ လောက်ပဲ ရှိသေးတာ … စုရေ .. စုဟာ ရက်ရက်ရောရောနဲ့ စုရထားတဲ့ နိုဗလ်ဆုငွေတွေအားလုံးကို မြန်မာကျောင်းသားတွေ နိုင်ငံခြားမှာ ပညာ သင်ခွင့်ရအောင် စကောလားရှစ် ပညာရေးထောက်ပံကြေးဆုတွေ ပေးခဲ့တယ်နော်..

အင်္ဂလန်မှာရှိတဲ့ ဇာလီနဲ့ သူ့သူငယ်ချင်းတွေဟာ အခုထိ အဲဒီ ရန်ပုံငွေတွေကို ရှင်အောင် ဆက်ထိန်းထားတုန်းပဲ ရှိသေးတယ်.. ပြီးတော့ လူငယ်လူရွယ်တွေ ကလည်း စုရဲ့ ငွေကြေးထောက်ပံ့ပေးမှုအတွက် ကျေးဇူးတင်မဆုံးရှိနေကြတယ်.. စုရေ စုရဲ့ ကလေးတွေလည်း တော်တော်လေးကို ခံစားရမှာပါပဲ .. သူတို့တွေရဲ့ လက်လှမ်းမမှီတဲ့နေရာက နိုင်ငံရေး အရှုပ် ထွေးတွေကြောင့် စုနဲ့ သူတို့ နှစ်ပေါင်းများစွာ ရှင်ကွဲကွဲခဲ့ရတယ်လေ ..

အဲဒီလို ဝေးကွာမှုကြောင့် သူတို့ရဲ့ စိတ်ဒဏ်ရာဟာ ဘယ်လောက်တောင် ရလိုက်မလဲဆိုတာကို တွေးမိပါရဲ့ .. စုမိသားစုရဲ့ မြန်မာပြည်သူတွေ လွတ်မြောက်ရေး၊ တရားမျှတမှု နဲ့ ငြိမ်းချမ်းမှုအပေါ် အနစ်နာခံနိုင်တာကိုပဲ လေးစားကြည်ညိုမဆုံး ဖြစ်မိပါရဲ့ရှင် .. အောက်စဖို့မှာရော အမေရိကန် ပြည်ထောင်စုမှာပါ ကျမတို့ အခွင့်ရေး ရရင်ရသလို မိုက်ကယ်ဆီကို သွားလည်ခဲ့ကြတယ် .. ဧည့်ခန်းဆောင် အလည်တည့်တည့်မှာ စုရဲ့ပုံအကြီးကြီးကို သူချိတ်ဆွဲထားတယ် ..

သူ ဆီးကျိတ်ကင်ဆာဖြစ်ပြီဆိုတာ သိလိုက်ရတော့ ကျမတော့ ရင်ထဲနင့်နေအောင် ခံစားလိုက်ရတယ် .. သူ့ခင်မြာ နောက်ဆုံးအကြိမ်ထိတောင် စုကို တွေ့မသွား ရရှာဖူးနော်.. စုကလည်း စစ်အစိုးရ ပြန်လာခွင့်မပေးမှာကြောက်လို့ ရန်ကုန်မှာပဲ နေလိုက်ရတယ်.. မိုက်ကယ် သေသွားခဲ့ တယ် .. သူအဆုံးစွန်ထိ အနစ်နာခံပေးသွားခဲ့တာလား စုရေ?.. တိုင်းတပါးကြောက် စစ်အစိုးရက စု နိုင်ငံခြားသားနဲ့ လက်ထပ်ထိမ်းမြားခဲ့တာကြောင့် စစ်မှန်တဲ့ မျိုးချစ်စိတ်မရှိဖူးလို့ စွပ်စွဲခဲ့တယ်..

ဒါဟာ တိုင်းတပါးကြောက် စစ်အစိုးရရဲ့ ညစ်ပတ်တဲ့ စကားလုံးပဲ .. မိုက်ကယ်ခင်မြာ စစ်အစိုးရက သမုတ်ထားတဲ့ ဒီကျိန်စာဆိုးကြီးကို ရာသက်ပန် ချေဖျက်ပြဖို့ အန္တိမ အနစ်နာခံ အသက်ပေးသွားခဲ့လေသလား? စုရေ .. ဆီးကျိတ်ကင်ဆာဆိုတာ လူအများကြီးတောင် အသက်ရှင်နေသေးတာ … ဘာကြောင့် မိုက်ကယ်ကျမှ အသက်မရှင်တာလဲ မသိဖူးနော်?…

စုကို ရန်ကုန်မှာ ကျမတို့ ပုန်းလျှိုးကွယ်လျှိုး လာတွေ့ခဲ့ရတယ် .. စုကို မြင်တော့ ကျမ ငိုကြီးချက်မ ဖြစ်ခဲ့ရတယ်.. သူက ကျမ ငိုနေတာကို မြင်ပြီး အပစ်တင်တယ် .. “စု ဒီလောက်တောင် အကြာကြီး တော်တော်လေး ရုန်းကန်ပြီး ခံစားနေရတဲ့ ဟာကို” လို့ ကျမ ပြောခဲ့တယ်နော် .. စုကတော့ တည်တည်ငြိမ်ငြိမ်ပဲ အခုလို ပြန်ပြောခဲ့တယ် .. “ရုန်းကန်ရတာ ကြာလေလေ အဆုံးသတ်သွားဖို့ မြန်လေလေပါပဲရှင်”တဲ့ ..

ထောက်လှမ်းရေးတွေက ကျမတို့ရဲ့ တွေ့ဆုံမှုတွေကို သိသွား လို့ လာတားမြစ်လိုက်ကြပြီး ၀ါရှင်တန်ဒီစီမှာရှိတဲ့ ဗမာသံရုံးက အန်ကယ်လ်ကို ဗီဇာထုတ်ပေးမှာ မဟုတ်တော့တဲ့ အကြောင်း ခေါ်ပြောခဲ့တယ်လေ .. နောက်တစ်ကြိမ် ဒို့တွေ ရန်ကုန်မှာတွေ့ကြတော့ စု လွတ်လာပြီ.. စုလည်း ပြည်တွင်းပြည်ပက ရာထူးဂုဏ်သိမ်ရှိသူတွေနဲ့ တွေ့နေရလို့ မအားဖူးဖြစ်နေတယ် …

ဒါတောင်မှ စုက ယွန်းအစ်လင်ပန်းကလေးကို ကျမတို့ကို ကြင်နာစွာနဲ့ “အမှတ်တရ ” လို့ပြောပြီး လက်ဆောင်ပေးခဲ့သေးတယ် .. ကျမတို့ကလည်း အပြန်လှန်အနေနဲ့ စုကြိုက်တတ်တဲ့ ချောကလက်တွေကို ပြန်ပေးလိုက်တယ်လေ .. စု အခု လုံလုံခြုံခြုံ ရှိရဲ့လားလို့ ကျမတို့က မေးခဲ့တယ်.. စုကလည်း “ဟုတ်ကဲ့” တဲ့ .. “ ဒီ အုတ်တံတိုင်းအမြင့်ကြီးတွေ ကာထားတဲ့နောက်မှာ ကျမ လုံလုံခြုံခြုံ ရှိပါတယ် တဲ့.. ကင်မ် ကလည်း ခွေးတစ်ကောင် ပေးထားတယ်လေ ..

သူက အိမ်လုံတယ် တဲ့လေ ..” အချိန်တွေကလည်း ကုန်လွယ်လိုက်တာ … စုလည်း ဒီကနေ့ဆိုရင် စစ်အစိုးရခေါင်းဆောင် တစ်ပိုင်းဖြစ်လာတာကြောင့် စစ်အစိုးရကို စိုးရိမ်ကြောက်ရွံစရာ မလိုတော့ဘူးပေါ့လေ .. စစ်တပ်ရဲ့ သဘင်သည်မလေး စုကြည် ဖြစ်လာနေပြီ မဟုတ်လား .. ရိုဟင်ဂျာတွေလိုပဲ ကချင်တွေလည်း သတ်ဖြတ်ခံနေရတယ်ဆိုတာကို- ပြည်သူတွေ ခံစားနေရတဲ့ဒုက္ခကို မမြင်တော့ဘူး .. ရိုဟင်ဂျာတွေ ဂျီနိုဆိုဒ် လုပ်ခံနေရပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတောင်မှ စုက သတင်းတုတွေပါဆိုပြီး ကြေညာခဲ့သေးတာပဲ ..

တရားမျှတမှုတွေကို သိသိသာသာ မျက်ကွယ်ပြုပြီး တရားဥပဒေအတွက် လုပ်နေတာပါလို့ ကြေညာရဲတယ် .. မဟုတ်လား စုရေ .. စစ်တပ်ကလည်း ရိုဟင်ဂျာတွေဟာ ဗမာလူမျိုးတွေ မဟုတ်ပဲ အနေစားချောင်လို့ မြန်မာပြည်ထဲကို အခြေချဝင်လာခဲ့တာ ဆိုပြီး ဗြောင်ညာတယ် .. ဒီကိစ္စက မြန်မာပြည်မှာ ရေကြည်ရာ မြက်နုရာကို ရှာဖွေဖို့ အခြေချရောက်လာကြတဲ့ ဗဟိုအာရှ-မွန်ဂိုလီး ယားဘက်က စုရဲ့ ဘိုးဘွားဘီဘင်တွေ ဖြစ်ရပ်မျိုးနဲ့လည်း မတူသလို၊ စားကျက်မြေ အကွက်ကွင်းကောင်းလို့ ရောက်လာကြတဲ့ ပေါ်တူဂီတွေ၊ အင်္ဂလိပ်တွေနဲ့ အိန္ဒိယတွေရဲ့ အဖြစ်ပျက်တွေနဲ့လည်း မတူပါဘူး၊

သူတို့ဟာ အခု ဗမာလို့ ကျမတို့ ခေါ်နေကြတဲ့ လူမျိုးထဲမှာ ပါပါတယ် … စုရဲ့ ရပ်တည်ချက်တွေ၊ ဒီရက်စပ်ကြမ်းကြုပ်မှုတွေကို စုဘက်က လိုလိုလားလား သဘောတူပါတယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်တွေကြောင့် စစ်တပ်က ကျူးလွန်ထားတဲ့ ဂျီနိုဆိုဒ်ကိစ္စ ငြင်းပယ်နေတာကို အားသစ်လောင်းသလို ဖြစ်သွားစေတယ် ..

ပြန်ပေးဆွဲခံရသူက ပြန်ပေးဆွဲသူကို ပြန်ပြီးယုံကြည်သွားတဲ့ ရောဂါ Stockholm Syndrome က ခံရသူအဖြစ်ကနေ ဖိနှိပ်သူအဖြစ်သို့ နောက်ဆုံးရောက်သွားတဲ့အခါမှာ စုလည်း ဒီရောဂါ ရသွားတော့တာပဲ .. Patricia Hearst ကိုရော သတိရမိသေးရဲ့လားဟင် စု? သူမရဲ့ ပြန်ပေးဆွဲသူတွေနဲ့ ပေါင်းပြီး နောက်ဆုံးတော့ ဘဏ်တစ်ခုကို ဓားပြ၀င်တိုက်ခဲ့တာလေ .. ahimsa လို့ခေါ်တဲ့ ဝေဏေယျသတ္တ၀ါတွေကို လေးစားပြီး သူတစ်ပါးအသတ်ကို မသတ်ရာဆိုတဲ့ ဗုဒ္ဓတရားတော်တွေရဲ့ အဆုံးအမကိုလည်း စုလျစ်လျူရှုလိုက်တာ ရှက်ဖို့ကောင်းပါတယ်..

အဲဒီအတိုင်းလုပ်ရမဲ့အစား မွတ်စလင်တွေကို သတ်ရင် ကံကြီးမထိုက်ဖူးလို့ ထင်နေတဲ့ အမြင်ကျဉ်းမြောင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေကို စုထောက်ခံနေတယ်.. ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးမှန်ရင် သူတစ်ပါးအသတ်မသတ်ရဘူးလို့ ဆိုတဲ့ ဘုန်းတော်ကြီး ဒလိုင်လားမားရဲ့ ထုတ်ပြန်ကြေညာချက်တွေ ကိုရော စု အလေးမထားတော့ဘူးလား ဟင်? ခရစ်ယာန်ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးတို့၊ ဒလိုင်းလားမားတို့၊ မာလာလာတို့ အပြင် ပုပ်ရဟန်းမင်းကြီးကပါ စုကို ခွဲခြားဆက်ဆံမှုတွေကို ပျောက်သွားအောင် တရားမျှတမှုအတွက် အလုပ်လုပ်ပေးဖို့ တိုက်တွန်းခဲ့ကြတယ် .. ဒါပေမဲ့ အခုထိ စုက မတုန်မလှုပ် တုံဏှိဘာဝေနဲ့ပေါ့ ..

စုရဲ့ ကြည်ညိုလေးစားဖွယ်ကောင်းတဲ့ ဖခင်ကလည်း တိုင်းပြည်ကောင်းကျိုးအတွက် တပ်မတော်ကို ထူထောင်ခဲ့လို့ အသက်ပေးသွားခဲ့ရတယ်.. တစ်ဖက်ကကြည့်ရင်လည်း .. လက်ရှိ စစ်တပ်က အုပ်ချုပ်မင်းလုပ်နေတဲ့သူတွေကိုယ်တိုင်က သူတို့ ဘဏ္ဍာတိုက်ပြည့်တင်းအောင် အလုပ်လုပ်နေကြတယ် .. သူတို့ရဲ့ အာဏာ၊ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသလို တိုင်းပြည်ရဲ့ သံယံဇာတတွေကို လုယက်ယူငင်ခဲ့ကြတယ် ..

တစ်ခြား မျက်မြင်ကိုယ်တွေ့ တွေ့ရှိတဲ့သူတွေ အများကြီးလိုပဲ.. အန်ကယ်လည်း ဘင်္ဂလားဒေ့ရှ် ကော့ဘဇားကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေကို မျက်မြင်ကိုယ်တွေ့ သွားတွေ့ခဲ့တယ် .. စစ်တပ်ကြောင့် သူတို့ အိမ်တွေ ဆုံးရှုံးတယ် .. သူတို့ ရှေ့မှာပဲ သူတို့ မိသားစုဝင်တွေ အသတ်ခံရတယ် .. မြန်မာစစ်တပ်က မုဒိန်းမှုတွေကို ဖျက်ဆီးရေးလက်နက်သဖွယ် ဘယ်လို အသုံးချခဲ့သလဲဆိုတာ ဖြစ်ရပ်မှန်တွေပဲ.. ငြင်းမရဘူး.. ဖြစ်ရပ်မှန်တွေနဲ့ ဒါဟာ အမှန်တရားတွေပဲ ..

အမှန်တရားကို စု မမြင်ယောင် ဆောင်လို့မရဘူး .. အမှန်တရားဟာ တစ်နေ့တော့ ပေါ်လာမှာပဲ .. နိုင်ငံတကာအဖွဲ့တွေက တစ်နေ့တော့ “နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ဆောင်ရွက်ချက်တွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ အတင်း အဓမ္မပြောင်းရွေ့မှုတွေ၊ ပြည်နှင်ဒဏ်ပေးမှုတွေနဲ့ နှိပ်စက်ညင်းပန်းမှုတွေအပါအ၀င် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုကျူးလွန်တဲ့သူတွေကို တရားစီရင်တဲ့ဆီရောက်အောင် ဆောင်ကြဉ်းပေးမှာပဲ၊

ကမ္ဘောဒီးယားက ပိုလ်ပေါ့ကို မှတ်မိလားစု? အဲလိုပဲ ကိုဆိုဗိုက ဆာဗ်တွေရော ဘာဖြစ်သွားလဲ?” စုရေ .. အရင်တုန်းက စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ဖူးတဲ့ အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံး ကံကြမ္မာအတွက် ကျမတော့ စိုးရိမ် မိတယ် ..စုက စိုးရိမ်စိတ်လည်း မရှိ၊ မတုန်မလှုပ်နဲ့လည်းဆိုတော့ စစ်တပ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ စုလည်း ကြံရာပါ များ ဖြစ်နေမလားဆိုတာတောင် စိုးရိမ်မိတယ် .. ။ အလဟဿအတွက် မိုက်ကယ် အသက်ပေးလိုက်ရတာလား? အလက်ဇန္ဒားနဲ့ ကင်မ်တို့ရဲ့ ပေးဆပ်ခဲ့မှုဟာ အချီးနှီး ဖြစ်သွားပြီလား? .. စုဟာ မြန်မာပြည်ရဲ မေရီ အန်တွိုင်နင် Marie Antoinette လို လူစားမျိုး ဖြစ်လာ မလား? တရားမျှတမှုအတွက် တရားဥပဒေ စိုးမိုးရေးဖက်က ရပ်တည်ပါ စု.. ကိုယ့်ကိုကိုယ် ပြန်အဖတ်ဆယ်ပါ စု ..

အန်ကယ်နဲ့ ကျမကတော့ လောကရဲ့ နေ၀င်ချိန်ကို ရောက်နေပါပီ စုရေ .. John  Wesley ပြောသွားသလိုပဲ ထာဝရ ဘုရားသခင်ရဲ လိုလားမှုအတွက် ကျမတို့ကတော့ အမြဲတမ်းပဲ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေရမှာပဲ စုရေ .. အသင် လုပ်နိုင်သမျှ ကာလပတ်လုံး ..
ကောင်းတဲ့ အရာတွေကိုပဲ လုပ်ပါ.. မည်သည့်နည်းနှင့်မဆို တတ်နိုင်သလောက် လုပ်ပါ.. လုပ်နိုင်သမျှ အရာအားလုံးနဲ့ လုပ်ပါ.. တွေ့ရာနေရာမရှောင် လုပ်ပါ .. အချိန်တိုင်း လုပ်ပါ.. လူအားလုံးအတွက် လုပ်ပါ.. သင်လုပ်နိုင်သမျှ ကာလပတ်လုံး လုပ်ပါ.. အာမိန်းးး

 

မှတ်ချက် ။ mailchimp.com website တွင် ဖေါ်ပြပါရှိခဲ့သော An Open letter to Suu From Aunty Riri Win ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

 

Comments are closed.

Check Also

ခိုးဝင်ဘင်္ဂလီတွေကို လက်ခံကြိုဆိုစရာ မလို

ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ရန် မြန်မာစစ်ခေါင်းဆောင်များက ၁၉၉၀ မှစပြီး စနစ်တကျ လုပ်…