မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် အချိန်မှစ၍ ယနေ့အထိ မြန်မာ့နိုင်ငံရေးတွင် အခရာအကျဆုံးသော နိုင်ငံရေးဝေါဟာရမှာ “ရိုဟင်ဂျာ” ဖြစ်သည်ဟု ယတိပြတ် ပြောနိုင်သည်။ အေဒီ ၁၇၈၀ တွင် အင်းဝ၌ ရုံးစိုက်သော ဗြိတိသျှသံအဖွဲ့ဝင် Francis Buchanan က မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ဘာသာစကားများကို သုတေသနပြုခဲ့ရာ အာရကန်ဒေသ၌ နေထိုင်သော ရိုဟင်ဂျာစကားနှင့် ဘင်္ဂါလီစကား မတူကြောင်းကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးသားထုတ်ဝေခဲ့သည်။

၂၅.၉.၁၉၅၄ ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက မေယုခရိုင်တွင် ရိုဟင်ဂျာတိုင်းရင်းသားများ နေထိုင်ကြောင်း မိန့်ကြားခဲ့သည်။ အလားတူ ၄.၇.၁၉၆၁ တွင်လည်း ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်မှူးချုပ်အောင်ကြီးက “မေယုခရိုင်တွင် နေထိုင်သော မွတ်စလင်များကို ရိုဟင်ဂျာဟုခေါ်ကြောင်း” မိန့်ကြားခဲ့သည်။ မြန်မာ့အသံမှ တိုင်းရင်းသား ဘာသာစကား အစီအစဉ်များထုတ်လွှင့်ရာတွင် ရိုဟင်ဂျာ ဘာသာအစီအစဉ်ကို ၁၅.၅.၁၉၆၁ မှ ၁.၁၀.၁၉၆၅ အထိ ထုတ်လွှင့်ခွင့်ပေးခဲ့သည်။

၁၉၆၄ ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်းအတွဲ (၉) စာမျက် နှာ ၈၉ နှင့် ၉၀ တို့တွင် ရိုဟင်ဂျာအကြောင်း ရေးသားခဲ့သည်။ အလားတူ တပ်မတော်ခေတ်ရေး စာစောင်များ၊ ကျောင်းသုံးစာအုပ်များတွင်လည်း ရိုဟင်ဂျာ အကြောင်း ရေးသားပါရှိနေသည်။ သို့သော် စစ်အစိုးရလက်ထက်မှစ၍ ရိုဟင်ဂျာမရှိကြောင်းကို နိုင်ငံတော်၏ အဓိကတာဝန်တစ်ရပ်အဖြစ် လည်းကောင်း၊ အခရာအကျဆုံးသော လုပ်ရပ်အဖြစ်လည်းကောင်း နိုင်ငံတော်ပိုင် မီဒီယာမှတစ်ဆင့် နိုင်ငံအနှံ့ ဝါဒဖြန့်လာခဲ့သည်။

စစ်အစိုးရက နစကအဖွဲ့ဖွဲ့ပြီး ရိုဟင်ဂျာတို့လက်ဝယ်ရှိ အမျိုးသားမှတ်ပုံတင်ကဒ်များကို သိမ်းယူပြီး ဝှိုက်ကဒ်များထုတ်ပေးကာ ခိုးဝင်ဘင်္ဂလီဟု ဝါဒဖြန့်လာခဲ့သည်။ နစကအဖွဲ့က ရိုဟင်ဂျာများကို နာဇီအကျဉ်းစခန်းပမာ ပိတ်လှောင်ထားခဲ့သည်။ ၂၀၁၂တွင် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်၌ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းအမည်ဖြင့် ရိုဟင်ဂျာတို့၏ အသက်အိုးအိမ်များကို မီးရှို့ဖျက်ဆီးကာ နာဇီအကျဉ်းစခန်းများ၌ ယနေ့အထိ ပိတ်လှောင်ထားခဲ့သည်။

ဒေါ်စုအစိုးရလက်ထက်တွင်မူ သိန်းစိန်အစိုးရ ထက်ပင် အခြေအနေပိုဆိုးလာပြီး ၂၀၁၆မှ ယနေ့ အထိ သိန်းချီသော ရိုဟင်ဂျာများ ထွက်ပြေးစေခဲ့သည်။ နိုင်ငံတကာက ဂျီနိုဆိုဒ် မြှောက်ကြောင်းပြောလာသည့် အခါ ရိုဟင်ဂျာမရှိကြောင်း သမိုင်းရေးမည်ဟု ပြောနေကြသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိလျှင် ရိုဟင်ဂျာအတွက် နိုင်ငံတကာမှ ပေးသော အကူအညီများ အလှူငွေများကိုလည်း လက်ခံစရာ အကြောင်းမရှိ။

ပြည်သူ့ ဘဏ္ဍာငွေအကုန်အကျခံပြီး ရိုဟင်ဂျာ မရှိကြောင်း သမိုင်းရေးမည့်အစား ဘင်္ဂလားရောက် ရိုဟင်ဂျာဒုက္ခသည်များ မြန်မာနိုင်ငံနှင့် လုံးဝ ပတ်သက်မှုမရှိကြောင်းကိုသာ စာတန်းပြုစုပြီး သံတမန်အားလုံးကို ပေးသင့်သည်။ ဘင်္ဂလားဒေ့ခ်ျရောက် ရိုဟင်ဂျာ ဒုက္ခသည်များကို မြန်မာနိုင်ငံထဲသို့ ပြန်ခေါ်စရာမလိုအပ်ပေ။ အဘယ်ကြောင့် သူတို့ကို ပြန်ခေါ်ချင်သလဲ။ သူတို့က ရိုဟင်ဂျာလို့ ခံယူထားပါလျက် ရိုဟင်ဂျာမရှိကြောင်း ယုံကြည်သူများက သူတို့ကို အဘယ်ကြောင့် ပြန်ခေါ်လိုသလဲ။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများကို သေချာလေ့လာကြပါ။ ရွေးကောက်ပွဲမတိုင်မီ ပြောခဲ့သည့် စကားနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာပြီးနောက် ပြောခဲ့သည့်စကားများမှာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသည်ကို တွေ့ရပါလိမ့်မည်။ တက်လာသမျှ အစိုးရတိုင်းတိုင်းက “ရိုဟင်ဂျာ” နိုင်ငံရေး လုပ်ရ၏။ ရိုဟင်ဂျာ မရှိကြောင်းနှင့် အနောက်တံခါး မလုံခြုံကြောင်းကို ဝါဒဖြန့်ပြီး အပြစ်မဲ့ တိုင်းရင်းသားများကို ဗုံးကြဲ မီးရှို့သတ်ဖြတ် မုဒိန်းကျင့်ခြင်းကိုသာ တွေ့ရသည်။

ဒီမိုကရေစီ ခေါင်းဆောင်ဆိုသူလည်း စစ်အာဏာရှင်တွေရေးခဲ့သည့်၂၀၀၈ ခြေဥကို ဒီမိုကရေစီ၏ အခြေခံမူဝါဒကဲ့သို့ ကာကွယ်စောင့်ရှောက်နေပြီ။ နိုင်ငံတော်အကြီးအကဲ ဆိုသူများသည်ပင် “သမိုင်း” ၏ အနစ်သာရနှင့်အဓိပ္ပါယ်ကို နားမလည်။ လူမိုက်လူရိုင်းပမာ ရေးချင်သလို စိတ်ကြိုက်ရေးနိုင်သည်ဟု ထင်မြင်ယူဆကြသည်။ မိမိတို့၏ အပြောအဆိုနှင့် လုပ်ရပ်တိုင်း သမိုင်းအဖြစ် မှတ်တမ်းတင်ခံရသည်ကိုပင် မသိနားမလည်သော မျက်ကန်း လူမျိုးကြီးဝါဒီများ အုပ်ချုပ်နေသမျှ ကာလပတ်လုံး မြန်မာပြည်သူများ ဒီမိုကရေစီ အငွေ့အသက် ခံစားရမည်မဟုတ်။

 

Comments are closed.

Check Also

ရိုဟင်ဂျာတို့၏ မူဝါဒသဘောထား

ရိုဟင်ဂျာတွေရဲ့ မူဝါဒ သဘောထားမှာ “မေတ္တာ၊ မျှော်လင့်ချက်နဲ့ ကြောက်စိတ်” ပဲဖြစ်တယ်။ ရိုဟင်ဂျ…